ဒီမှာပြောခဲ့ပေးပါ

06 June, 2010

အထူးယာဉ် လိုင်းများတွင် ကြိုတင်ငွေ ထည့်ထားသော ယာဉ်စီးခကတ်များ အသုံးပြုနိုင်ရန် စီစဉ်



ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသော အထူးယာဉ်လိုင်းများတွင် ခရီးသည်များအား ကြိုတင်ငွေထည့်ထားသော ယာဉ်စီးခကတ်များ အသုံးပြုနိုင်ရေး စီစဉ်လျက်ရှိကြောင်း အထူးယာဉ်လိုင်းများမှ စုံစမ်းသိရှိရသည်။


အဆိုပါယာဉ်စီးခကတ် ဆိုသည်မှာဘတ်စ်ကားစီး ခရီးသည်တစ်ဦး အနေဖြင့် ပုံသေယာဉ်စီးခ သတ်မှတ်ထားသော ယာဉ်တစ်စီးအား မိမိတွင်ရှိသော ကြိုတင်ငွေထည့်ထားသော ယာဉ်စီးခကတ်မှ တစ်ကြိမ်စီးလျှင် သတ်မှတ်ယာဉ်စီးခ တစ်ကြိမ်အား ယာဉ်ပေါ်တွင် တပ်ဆင်ထားသည့်စက်များမှ အလိုအလျောက် ကောက်ယူသွားပြီး လိုရာခရီးသို့ သွားလာနိုင်သော နည်းစနစ်ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါယာဉ်စီးခကတ်အသုံး ပြုနိုင်ရေးအတွက် ရန်ကုန်မြို့ရှိ ပါရမီ မော်တော်ယာဉ်လိုင်း (ဗန္ဓုလ သယ်ယူပို့ ဆောင်ရေး)နှင့် မြန်မာအင်ဖိုတက်ရှိ e-Trade myanmar ကုမ္ပဏီတို့ ဆွေးနွေးညှိနှိုင်းနေကြောင်းလည်း သိရှိရသည်။


''ဒီယာဉ်စီးခကတ် အသုံးပြုနိုင်ဖို့အတွက် ပါရမီမော်တော်ယာဉ်လိုင်းနဲ့ ဆွေးနွေးညှိနှိုင်းထားပြီးပါပြီ။ သူတို့ဘက်က စတင်ဆောင်ရွက်ဖို့ ညွှန်ကြားလာပြီဆိုရင် ကျွန်တော်တို့ဘက်က equipment တွေနဲ့ Technology ပိုင်းအရပါ စတင်တပ်ဆင်နိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားပါပြီ '' ဟု e-Trade myanmar မှတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။


''ယာဉ်လိုင်းတွေနဲ့ ယာဉ်စီးသူတွေအကြား ငွေအကြွေလဲလှယ်ရာမှာ အခက်အခဲမရှိစေဖို့နဲ့ ရန်ကုန်မြို့က ပါရမီ၊ အဓိပတိစတဲ့ အထူးယာဉ်လိုင်းတွေပေါ်မှာ ခေတ်မီ အီလက်ထရောနစ် စနစ် တပ်ဆင်အသုံးပြုနိုင်ဖို့ သူတို့ကစီစဉ်ကြတာပါ။ သတ်မှတ်ထားတဲ့ ယာဉ်စီးခနှုန်းထားတွေကို ပါရမီမော်တော်ယာဉ်လိုင်းကပဲ ချမှတ်ပေးမှာဖြစ်ပါတယ်'' ဟု အထူးယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


''ဒီလိုနည်းစနစ်တွေကို စင်ကာပူ က SMAETBUS လိုင်း၊ ဟောင်ကောင်၊ မလေးရှားနိုင်ငံက ယာဉ်လိုင်းတွေနဲ့ တခြားဥရောပနဲ့ အမေရိကန် နိုင်ငံတွေမှာတော့ အများဆုံး အသုံးပြုနေကြပါတယ်။ မြန်မာနိုင်ငံမှာကတော့ နည်းစနစ်တစ်ခု စပြီးသုံးမယ်ဆိုရင် အချိန်ယူရပါ တယ်။ နောက်ပြီး ဒီကတ်စနစ်ကိုသုံးမယ်ဆိုရင် အနည်းဆုံးတစ်သောင်းလောက် စိုက်ပြီး ကတ်ဝယ်ရမယ်။ ကျွန်တော်တို့ နိုင်ငံက ယာဉ်စီးခ ကျသင့်သလောက်ရှင်းပြီး အကြွေပြန်တောင်းတဲ့စနစ်နဲ့ က အသားကျ သားပြီးသားဖြစ်နေတော့ ခရီးသည်တွေ အနေနဲ့တော့စမ်းပြီး သုံးစွဲသင့်ပါတယ်''ဟု စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကိုဇော်လင်း က ပြောကြားခဲ့သည်။

''ခရီးသည်တင် ယာဉ်လိုင်းတွေ အဆင့်မီစေဖို့ ဒီနည်းစနစ်ကို သုံးဖို့ စီစဉ်ထားလို့ သိရပါတယ်။ ဒီစနစ် က နာရီအလိုက် စီးနင်းခွင့်လက်မှတ်တွေ ရောင်းပေးမှာဖြစ်လို့ အဲဒီ လက်မှတ်ကို ခရီးသည်တွေဝယ်ပြီး တစ်ခါစီးတိုင်း တစ်ခါကျသင့်စရိတ်ကို လျော့သွားမှာလို့ သိရပါတယ်။ ယာဉ်နောက်လိုက်မလို၊ ငွေကိုင်မလိုတဲ့ ဒီစနစ်ကိုနိုင်ငံတကာမှာတော့ တွင်တွင်ကျယ်ကျယ် သုံးနေတာကြာပါပြီ''ဟု အထူးယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။


အဆိုပါကြိုတင်ငွေ ထည့်ထားသည့် ယာဉ်စီးခကတ်အား လောလောဆယ်တွင် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ပါရမီနှင့် အဓိပတိ ယာဉ်လိုင်းများတွင် စတင်အသုံးပြုနိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မြို့တွင်းပြေးဆွဲလျက်ရှိသည့် အခြားယာဉ်လိုင်းများနှင့် အဝေးပြေးယာဉ်လိုင်းများတွင်ပါ ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

မြိုင်ရာဇာတာတေ၏ သူငယ်ချင်းများ

တာတေ၏ သူငယ်ချင်း ဖြစ်လိုသူများ ဤနေရာတွင် ဖြည့်စွက်သွားကြပါ

သူငယ်ချင်းအားလုံးကိုဖိတ်ခေါ်ပါတယ်ဗျာ ... ... ...