ဒီမှာပြောခဲ့ပေးပါ

06 June, 2010

ထက်ထက်မိုးဦးက သတင်းထောက်တစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်

ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက သတင်းထောက်တစ်ဦးအား အင်တာဗျူးမေးမြန်းမှုအပေါ် မကျေနပ်မှုနှင့်ပတ်သက်၍ ကိုယ်ထိလက်ရောက် ကျူးလွန်သောကြောင့် နစ်နာသူက တရားရုံးသို့ ဦးတိုက်လျှောက် ထားမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

7 Days News ဂျာနယ်၏ သတင်းထောက် မအေးသူစံသည် Entertainment စာမျက်နှာ အင်တာဗျူးကဏ္ဍအတွက် သရုပ်ဆောင်ထက်ထက်မိုးဦးအား ချိန်းဆိုရာ ဆီဒိုးနားတွင် ပြုလုပ်မည့် အရောင်းမြှင့်တင်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်၍ ထိုအခမ်းအနားသို့ လာရောက်နိုင်ကြောင်း ပြန်လည် ချိန်းဆိုမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းနောက်မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ပစ္စည်းအရောင်းမြှင့်တင်ပွဲသို့ တက်ရောက်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Days News သတင်းဂျာနယ်မှ သတင်းထောက်မအေးသူစံအား ကိုယ်ထိလက်ရောက်မှု ပြုခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

အင်တာဗျူးပြုလုပ်ချိန်တွင် မေးခွန်းခုနစ်ခုခန့်မေးပြီးနောက် အဆိုပါသတင်းထောက်က”ပရိသတ်တွေကပြောကြတယ်၊ ထက်ထက်မိုးဦး ဘ၀ကိုခဏခဏ ပြန်စနေရ တယ်၊ အဲဒီဝေဖန်မှုတွေကို အစ်မ ဘယ်လိုခံစားရလဲ”ဟု မေးမြန်းချက် အပေါ်ထက်ထက်မိုးဦးက ”သွားလိုက်တော့၊ နင်သွားလိုက်တော့ဟု ပြန်လည် ပြောကြားခဲ့ ကြောင်း သိရသည်။

ထို့ကြောင့် သတင်းထောက် မအေးသူစံကသရုပ်ဆောင် ထက်ထက်မိုးဦးအား တောင်းပန်၍ပြန်ထွက်လာခဲ့ရာ ထက်ထက်မိုးဦးမှာ အပြင်သို့အရင်ရောက်ရှိနေပြီး သတင်းထောက်မအေးသူစံအား ဤသို့မေးသည်မှာ သူ့အားစော်ကားခြင်းဖြစ်ကြောင်း မည်သူမေးခိုင်းသလဲ၊ စာနယ်ဇင်းများ၏ နှစ်ပဲတစ်ပြားလစာကို သနားလို့ ဖြေနေ ခြင်းဖြစ်ကြောင်းစသည်ဖြင့် ပြောကြားခဲ့ပြီး သတင်းထောက်အားဆံပင်ဆွဲ၍ ပါးရိုက်ခဲ့ကြောင်း သိရှိရပါသည်။

”ကျွန်တော်မြင်လိုက်ရပါတယ်။ အဲဒီသတင်းထောက်ကိုပါးရိုက်ပြီး အခမ်းအနားကျင်းပရာ ခန်းမထဲကိုပြန်ဝင်သွားတာပါ”ဟု အဆိုပါဖြစ်စဉ်ဖြစ်ပွားချိန်တွင် ဆီဒိုးနား ဟိုတယ်တွင် ရောက်ရှိမြင်တွေ့ခဲ့သူတစ်ဦးက ပြောပါသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့စခန် သို့ ညတွင်းချင်းတိုင်ကြားခဲ့ရာတွင် ဖြစ်စဉ်အရ ရဲရေးမပိုင်သောအမှုဖြစ်ကြောင်း၊ သင်္ဃန်းကျွန်း ဆေးရုံကြီးတွင် ရရှိသောဒဏ်ရာများနှင့် ပတ်သက်၍ ဆေးစစ်မှုမှတ်တမ်းရယူခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ရန်ကင်းမြို့နယ်တရားရုံးသို့ ဦးတိုက် လျောက်ထားခဲ့ ကြောင်း သိရှိရပါသည်။ ရန်ကင်းတရားရုံးသို့ ၂၀၁၀ ခုနှစ်ပြစ်မှုကြီးအမှတ် ၁၈၂/၁၀ ဖြင့် ဦးတိုက်လျောက်ထားခဲ့ခြင်းဖြစ်ကြောင်း တရားရုံး ချုပ်ရှေ့နေ ဦးသန်းထွန်း အောင်က ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

”ဒီလိုတရားရင်ဆိုင်ဖို့ စီစဉ်ခဲ့ရတာကတော့ စာနယ်ဇင်းသမားတွေရဲ့ဂုဏ်သိက္ခာနဲ့ စာနယ်ဇင်းရဲ့ဂုဏ်သိက္ခာအတွက်သာ ဆောင်ရွက်ရတာပါ။ သတင်းထောက်တစ် ယောက် အနေနဲ့ကတော့ စာဖတ် ပရိသတ်တွေရဲ့ကိုယ်စားဘယ်မေးခွန်းမဆိုမေးခွင့် ရှိပါတယ်။ ဖြေတဲ့သူကလည်း မဖြေချင်ရင် ငြင်းခွင့်ရှိပါ တယ်။ ငြင်းတာကို လက်ခံ ပါတယ်။ သတင်းစာပညာမှာတော့ Stupid Question ဆိုတာမရှိပါဘူး။ လူမှုရေးကျင့်ဝတ်အရ စောင့်ထိန်းထားရတာပဲ ရှိပါတယ်။ဒါပေမယ့် စာနယ်ဇင်းသမား တစ် ယောက်ကို ဒီလိုကိုယ်ထိလက်ရောက်ပြုမူတာမို့ ကျွန်တော်တို့ကလည်း ဒီလိုတရားရင်ဆိုင် ဖို့စီစဉ်ရတာပါ။

အခုဟာက အေးသူစံတစ်ယောက်အနေနဲ့သာ တရားရင်ဆိုင်တာဖြစ်ပြီး ကျွန်တော်တို့တိုက်အနေနဲ့လည်း ဆက်လက်ပြီးတရားရင်ဆိုင်သွားဖို့ရှိပါတယ်”ဟု 7 Days News ဂျာနယ်မှ တာဝန်ရှိသူအယ်ဒီတာတစ်ဦးက ပြောပါသည်။

ယခုကဲ့သို့ အနုပညာရှင် Celebrity တစ်ယောက်က မီဒီယာသမားတစ်ယောက်ကို ကိုယ်ထိလက် ရောက်ကျူးလွန်ခြင်းမျိုး မြန်မာမီဒီယာလောကတွင် ယခင်က ဖြစ်ပွား ခဲ့သည်ဟု မကြားမိကြောင်း ယခုကဲ့သို့ဖြစ်ပွားသည်မှာ မသင့်လျော်ပါကြောင်း ယခုဖြစ်စဉ်ကို ရှုတ်ချပါကြောင်း ၀ါရင့်မီဒီယာသမားတစ်ဦးက ပြောကြားခဲ့ ပါသည်။

နာကျင်စေမှုနှင့်ပတ်သက်၍ ငွေဒဏ်ဖြစ်စေ၊ အများဆုံး ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အပြစ်ပေးအရေးယူနိုင်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၂၃အရသတ်မှတ်ထားကြောင်း၊ အပြင်းအထန်နာကျင်စေမှုများနှင့် ပတ်သက်၍လည်း ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၂၅အရ ခုနစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့် အပြင်ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်ဟု ဥပ ဒေပညာရှင်တစ်ဦးက ပြောပါသည်။

REF : Weekly 11

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ တိုင်းရင်းသားကလေးငယ် များပြားလာ

ကျောင်းအိပ်ကျောင်းစား လက်ခံကာ ပညာသင်ကြားပေးနေ သော ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် နယ်စပ်ဒေသများ မှလာရောက်ကြသည့် တိုင်းရင်းသား ကလေးငယ်များ ပိုမိုများပြားလာကြောင်း နာဂလိုဏ်ဂူနှင့် ပိတောက်ရွှေဝါဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှစုံစမ်း သိရှိရပါသည်။



”ကျောင်းကို ရပ်ကွက်တွင်းက ကျောင်းသားလေးတွေအပြင် တခြား နယ်စပ်ဒေသက ကျောင်းသားလေးတွေလည်း ကျောင်းအိပ်၊ကျောင်းစားအနေနဲ့ တက်ရောက် တဲ့အတွက် တစ်နှစ်ထက် တစ်နှစ်ကျောင်းသား ဦးရေတွေက များလာပါတယ်။ စာသင်ခန်းနဲ့ ကျောင်းသားတွေ နေထိုင်တဲ့အဆောင် တွေမှာ ကျောင်းသားဦးရေက နှစ်စဉ် တိုးနေတဲ့အတွက် ရှိသင့်တာထက် နှစ်ဆကျော်နေထိုင်နေရပါတယ်။ ကျောင်းဆောင်သစ်ဆောက်ဖို့ စီစဉ်နေပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မဆောက်နိုင်သေးပါဘူး”ဟု ပိတောက်ရွှေဝါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ တာဝန်ရှိသူတစ် ဦးက ရှင်းပြပါသည်။

ပိတောက်ရွှေဝါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၁၉၅၈ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ကျောင်းဖွင့်သည့်သက်တမ်း ၄၉ နှစ် ရှိပြီဖြစ်ကာ နှစ်စဉ် ကျောင်းသား တစ်ရာခန့် လာရောက်ပညာသင်ကြားကြ ကြောင်းသိရသည်။

”ကျောင်းဖွင့်စကနယ်စပ်ဒေသ ကလေးငယ်တွေအတွက် အဓိက ရည်ရွယ်ဖွင့်လှစ်ခဲ့ပေမယ့် ပညာသင် ကြားဖို့ အခက်အခဲရှိတဲ့ ကလေးငယ်တွေအားလုံးကို လက်ခံပေးပါတယ်။ ဘယ်လိုကလေးတွေကိုပဲ လက်ခံမယ်ဆိုတဲ့ သတ်မှတ်ချက်တွေမရှိပါ ဘူး။ ယောက်ျားလေး၊ မိန်းကလေး အားလုံးသာသနာ့ဘောင်ဝင်စေပြီး စောင့်ရှောက်ပေးပါတယ်”ဟု နာဂလိုဏ်ဂူဆရာတော်လယ်တီ ဘဒ္ဒန္တဇာ ဂရာဘိဝံသက မိန့်ကြားတော်မူပါသည်။

နာဂလိုဏ်ဂူဘုန်းတော်ကြီး သင်ပညာရေးကျောင်းကို ၁၉၉၃ ခု နှစ်တွင် ကလေးဝဆရာတော်မှ ရန်ကုန်မြို့၊ နာဂလိုဏ်ဂူဘုရားကုန်းမြေ ၌ ‘၀’ ကျောင်းသား ၁၇ ယောက်ဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဖွင့်လှစ်ပြီးချိန်မှ စ၍ နယ်စပ်ဒေသနှင့် တောင်တန်းဒေသ များမှတိုင်းရင်းသားပေါင်းစုံ တစ် ထောင်ကျော်နှစ်စဉ်လာရောက်၍ အခမဲ့ပညာသင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။

ကျောင်းအိပ်ကျောင်းစားအ ဖြစ်လက်ခံကာ ပညာသင်ကြားပေးသော အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ပညာ သင်ကြားမှုအတွက် လိုအပ်သော စာ အုပ်၊ ခဲတံ၊ ဘောပင်များသာမက ကျန်းမာရေးစောင့်ရှောက်မှုများကို လည်း စေတနာရှင်များ၏လှူဒါန်းမှု များဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဘုန်းတော်ကြီးသင်ပညာရေး သည် မြန်မာနိုင်ငံ၏ ပထမအစ ပညာသင်ကြားရေးစနစ်တစ်ခုဖြစ်ခဲ့ ပြီး မြန်မာတို့၏ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးတို့အတွက် အထောက်အကူတစ်ရပ်အဖြစ် ယနေ့တိုင် ဆက်လက်တည်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဘုန်းတော်ကြီးသင်ပညာကျောင်းများ သည် ခေတ်စနစ်နှင့် လိုက်လျောညီ ထွေသော သင်ကြားမှုများကိုလည်း ပြောင်းလဲနိုင်ခဲ့ပြီး မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအ ဆင့်များအထိသင်ကြားပေးနိုင်ခဲ့သော် လည်း အလယ်တန်းနှင့်အထက်တန်း ပညာသင်ကြားခြင်းကို ၂၀၀၉-၂၀၁၀ ပညာသင်နှစ်မှစ၍ သင်ကြားမှု ရပ်နားခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းဓားပြမှု လူ ၄ ဦးကို ရဲက ဖမ်းဆီး

လူ ၃ ဦးသေဆုံးခဲ့သော ကွမ်းခြံကုန်း ဒရယ်လူးကျေးရွာ ဓားပြမှုကျူးလွန်သူဟု သံသယဖြင့် လူ ၄ ဦးကို ဖမ်းဆီးထားကြောင်း ရဲက ပြောသည်။

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့မှ ၁၄ မိုင်ဝေးသော ဒရယ်လူးကျေးရွာ ဒေါ်သိန်းမြင့် နေအိမ်တွင် မေလ ၁၆ ရက်နေ့က ဓားပြတိုက်မှုဖြင့် ကော့မှူးမြို့နယ် ထန်းတပင်ရွာနေ ဦးဆန်း (အသက် ၅၉ နှစ်)၊ သထုံမြို့ ညောင်ကုန်းလေးရွာဇာတိသား ဦးသောင်းလွင် (ခ) ဦးဆေးလုံး၊ ဦးအေးလွင် (ခ) ဦးမြင့်ကျော်နှင့် ဦးခင်မောင်ဝင်း (ခ) ဦးမောင်ဝင်းတို့ကို ဖမ်းမိထားသည်ဟု သောကြာနေ့က ရန်ကုန်ရဲချုပ်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောသည်။

ရွာသားများကို လက်ပစ်ဗုံး၊ သေနတ်တို့ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သော ဦးအေးသန်းကတော့ လွတ်မြောက်နေဆဲဖြစ်သည်ဟု ဆိုသည်။

ဓားပြများက တပ်မ ၇၇ ခြေမြန်တပ်ရင်းတံဆိပ်ပါ စစ်ဝတ်စုံများ ဝတ်ဆင်ထားခဲ့သည်ဟု ရဲက ပြောသည်။ သတင်းစာရှင်းလင်းပွဲတွင် သိမ်းဆည်းရမိသော အေကေ ၄၇ သေနတ်ကိုလည်း ပြသထားသည်။

”ဒီိလို စစ်ယူနီဖောင်းဝတ်လုပ်ရင် တပ်မတော်ဘက်ကို လမ်းကြောင်းပြောင်းသွားပြီး သူတို့လုပ်ရပ်ကို ခြေရာခံဖို့ ခက်မယ်လို့ ယူဆပြီး ဝတ်ကြတာ” ဟု ရဲချုပ်က ပြောသည်။

အခင်းဖြစ်ပွားအပြီး ၃ ရက်အကြာ ယခင်က ဓားပြမှုတခုဖြင့် ထောင်ကျဖူးသူ ဦးဆန်းကို ဖမ်းမိရာက ဆက်လက်ဖမ်းနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဦးသောင်းလွင်၊ ဦးအေးလွင်တို့မှာ ယခင်က ဓားပြမှုနှင့် လူသတ်မှုတို့ အသီးသီး ကျူးလွန်ဖူး၍ နှစ်ရှည်ထောင်ကျဖူးသူများလည်း ဖြစ်သည်။

ညအချိန် ဓားပြမှုတိုက်မှုတွင် လူ ၂ ဦးပွဲချင်းပြီး သေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ နောက်ပိုင်းတွင် ဒဏ်ရာရရှိသူများအနက် ၁ ဦး ထပ်မံသေဆုံးခဲ့သည်။

ဓားပြ ၅ ဦးက စစ်သားများ စစ်ဆေးရန် ဟန်ဆောင်ပြီး အိမ်ခြံတွင်း ဝင်ရောက်ကာ စာရင်းငှား ကိုသာကျော်နှင့် ကိုဖိုးထူးကို ကြိုးတုတ်ကာ အိမ်ရှင်ဒေါ်သိန်းမြင့်ထံမှ ငွေတောင်းစဉ် ကိုဖိုးထူး လွတ်မြောက်ထွက်ပြေးသွားပြီး ”ဓားပြ၊ ဓားပြ” ဟု အော်ဟစ်၍ ရွာသား ၃ဝ ခန့် အခင်းဖြစ်အိမ်နားသို့ ရောက်လာပြီး ခဲများ၊ လေးခွများဖြင့် ဝိုင်းဝန်းပတ်ခတ်ရာ ဓားပြများက သေနတ်ဖြင့် ပြန်လည်ပစ်သည်ဟု ရဲက ပြောသည်။

ဓားပြများက အိမ်နောက်ဘက် ခြံစည်းရိုးမှတဆင့် ဖောက်ထွက်ပြီး ရွာလယ်လမ်းမအရောက် ရွာသားများက လိုက်ပါလာပြန်သည်ကိုတွေ့ရာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေးသွားရာ သေဆုံးဒဏ်ရာရမှု ဖြစ်သွားခဲ့သည်။

အန္တရာယ်ရှိ အဆောက်အအုံ ၂၅ လုံးအနက် အဆောက်အအုံ အချို့ကို နှစ်နှစ်အတွင်း အပြီး တည်ဆောက်ပေးရမည်ဖြစ်



ပြိုကျနိုင်သည့် အန္တရာယ်ရှိ အဆောက်အအုံ ၂၅ လုံးအနက်မှ အဆောက်အအုံအချို့ကို နှစ်နှစ်အတွင်း အပြီးတည်ဆောက်ပေးရမည် ဖြစ်ကြောင်း အဆိုပါအဆောက်အအုံအချို့ကို ဆောက်လုပ်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီအချို့မှ သိရှိရသည်။

ရန်ကုန်တိုင်းရှိ အဆောက်အအုံ ၂၅ လုံးကို အချိန်မရွေးပြိုကျနိုင်သည့်အတွက် အများပြည်သူများ နေထိုင်ခြင်းမပြုကြရန် သက်ဆိုင်ရာမှ မတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။ထို့နောက် အန္တရာယ်ရှိအဆောက်အအုံများတွင် နေထိုင်သည့် ပြည်သူ များကို ရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းများ စာချုပ်ချုပ်ဆိုကာ စတင်ဆောက်လုပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

"အန္တရာယ်ရှိ အဆောက်အအုံတွေကို ဆောက်လုပ်တော့မယ်ဆိုရင် နေထိုင်တဲ့သူတွေကို အရင်ရွှေ့ပြောင်းဖို့ ဆောင်ရွက်ရပါတယ်။ ပြီးရင် သက်ဆိုင်ရာကို ဆောက်လုပ်ခွင့်ရဖို့ လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင့်ပြုလုပ်ရပါတယ်။ ကျွန်တော်တို့ ဆောက်လုပ်ခွင့်ရရှိထားတဲ့ ပန်းဘဲတန်းမြို့နယ်က ပြိုကျသွားတဲ့ အဆောက်အအုံကိုတော့ ဖောင်ဒေးရှင်းစတူးတဲ့ အချိန်ကစပြီး နှစ်နှစ်အတွင်း အပြီးတည်ဆောက်ပေးဖို့ ပါဝင်ပါတယ်။ ကျန်တဲ့အဆောက်အဦတွေကိုတော့ ဆောက်လုပ်မှုပုံစံပေါ် မူတည်ပြီး တစ်နှစ်ခွဲကနေ နှစ်နှစ်ကြားကာလအတွင်း အပြီးတည်ဆောက်ပေးဖို့ ညွှန်ကြားထားပါတယ်"ဟု Naing Group ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုအချိန်၌ ပြန်လည်ဆောက်လုပ်ရန် သတ်မှတ်ပေးထားသည့် အန္တရာယ်ရှိအဆောက်အအုံ ၂၅ လုံး အနက်မှအချို့ကို စတင်ဆောက်လုပ်ရန် လုပ်ငန်းစတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအဆောက်အအုံများကို အန္တရာယ်ရှိအဆောက်အအုံများ စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးအတည်ပြုပြီးမှ အန္တရာယ်အဆောက်အအုံများစာရင်း သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းအဆောက်အအုံများမှာ ပန်းဘဲတန်းမြို့နယ်တွင် ခုနစ်လုံး၊ လသာမြို့နယ်တွင် ခြောက်လုံး၊ ဗိုလ်တထောင်မြို့နယ်တွင် လေးလုံး၊ တာမွေမြို့နယ်တွင် ရှစ်လုံး အသီးသီးရှိကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း ဆောက်လုပ်လျက်ရှိသည့် စီမံကိန်းဝင်အဆောက်အအုံအချို့ကို ၂၀၀၉ ခုနှစ်အတွင်း အပြီးတည်ဆောက်ရမည်ဟု သက်ဆိုင်ရာမှ ညွှန်ကြားထားသော်လည်း အဆိုပါအ ဆောက်အအုံအများစုမှာ လုပ်ငန်းပြီးပြတ်ခြင်း မရှိသေးကြောင်း သိရှိရသည်။


အထူးယာဉ် လိုင်းများတွင် ကြိုတင်ငွေ ထည့်ထားသော ယာဉ်စီးခကတ်များ အသုံးပြုနိုင်ရန် စီစဉ်



ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသော အထူးယာဉ်လိုင်းများတွင် ခရီးသည်များအား ကြိုတင်ငွေထည့်ထားသော ယာဉ်စီးခကတ်များ အသုံးပြုနိုင်ရေး စီစဉ်လျက်ရှိကြောင်း အထူးယာဉ်လိုင်းများမှ စုံစမ်းသိရှိရသည်။


အဆိုပါယာဉ်စီးခကတ် ဆိုသည်မှာဘတ်စ်ကားစီး ခရီးသည်တစ်ဦး အနေဖြင့် ပုံသေယာဉ်စီးခ သတ်မှတ်ထားသော ယာဉ်တစ်စီးအား မိမိတွင်ရှိသော ကြိုတင်ငွေထည့်ထားသော ယာဉ်စီးခကတ်မှ တစ်ကြိမ်စီးလျှင် သတ်မှတ်ယာဉ်စီးခ တစ်ကြိမ်အား ယာဉ်ပေါ်တွင် တပ်ဆင်ထားသည့်စက်များမှ အလိုအလျောက် ကောက်ယူသွားပြီး လိုရာခရီးသို့ သွားလာနိုင်သော နည်းစနစ်ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါယာဉ်စီးခကတ်အသုံး ပြုနိုင်ရေးအတွက် ရန်ကုန်မြို့ရှိ ပါရမီ မော်တော်ယာဉ်လိုင်း (ဗန္ဓုလ သယ်ယူပို့ ဆောင်ရေး)နှင့် မြန်မာအင်ဖိုတက်ရှိ e-Trade myanmar ကုမ္ပဏီတို့ ဆွေးနွေးညှိနှိုင်းနေကြောင်းလည်း သိရှိရသည်။


''ဒီယာဉ်စီးခကတ် အသုံးပြုနိုင်ဖို့အတွက် ပါရမီမော်တော်ယာဉ်လိုင်းနဲ့ ဆွေးနွေးညှိနှိုင်းထားပြီးပါပြီ။ သူတို့ဘက်က စတင်ဆောင်ရွက်ဖို့ ညွှန်ကြားလာပြီဆိုရင် ကျွန်တော်တို့ဘက်က equipment တွေနဲ့ Technology ပိုင်းအရပါ စတင်တပ်ဆင်နိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားပါပြီ '' ဟု e-Trade myanmar မှတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။


''ယာဉ်လိုင်းတွေနဲ့ ယာဉ်စီးသူတွေအကြား ငွေအကြွေလဲလှယ်ရာမှာ အခက်အခဲမရှိစေဖို့နဲ့ ရန်ကုန်မြို့က ပါရမီ၊ အဓိပတိစတဲ့ အထူးယာဉ်လိုင်းတွေပေါ်မှာ ခေတ်မီ အီလက်ထရောနစ် စနစ် တပ်ဆင်အသုံးပြုနိုင်ဖို့ သူတို့ကစီစဉ်ကြတာပါ။ သတ်မှတ်ထားတဲ့ ယာဉ်စီးခနှုန်းထားတွေကို ပါရမီမော်တော်ယာဉ်လိုင်းကပဲ ချမှတ်ပေးမှာဖြစ်ပါတယ်'' ဟု အထူးယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


''ဒီလိုနည်းစနစ်တွေကို စင်ကာပူ က SMAETBUS လိုင်း၊ ဟောင်ကောင်၊ မလေးရှားနိုင်ငံက ယာဉ်လိုင်းတွေနဲ့ တခြားဥရောပနဲ့ အမေရိကန် နိုင်ငံတွေမှာတော့ အများဆုံး အသုံးပြုနေကြပါတယ်။ မြန်မာနိုင်ငံမှာကတော့ နည်းစနစ်တစ်ခု စပြီးသုံးမယ်ဆိုရင် အချိန်ယူရပါ တယ်။ နောက်ပြီး ဒီကတ်စနစ်ကိုသုံးမယ်ဆိုရင် အနည်းဆုံးတစ်သောင်းလောက် စိုက်ပြီး ကတ်ဝယ်ရမယ်။ ကျွန်တော်တို့ နိုင်ငံက ယာဉ်စီးခ ကျသင့်သလောက်ရှင်းပြီး အကြွေပြန်တောင်းတဲ့စနစ်နဲ့ က အသားကျ သားပြီးသားဖြစ်နေတော့ ခရီးသည်တွေ အနေနဲ့တော့စမ်းပြီး သုံးစွဲသင့်ပါတယ်''ဟု စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကိုဇော်လင်း က ပြောကြားခဲ့သည်။

''ခရီးသည်တင် ယာဉ်လိုင်းတွေ အဆင့်မီစေဖို့ ဒီနည်းစနစ်ကို သုံးဖို့ စီစဉ်ထားလို့ သိရပါတယ်။ ဒီစနစ် က နာရီအလိုက် စီးနင်းခွင့်လက်မှတ်တွေ ရောင်းပေးမှာဖြစ်လို့ အဲဒီ လက်မှတ်ကို ခရီးသည်တွေဝယ်ပြီး တစ်ခါစီးတိုင်း တစ်ခါကျသင့်စရိတ်ကို လျော့သွားမှာလို့ သိရပါတယ်။ ယာဉ်နောက်လိုက်မလို၊ ငွေကိုင်မလိုတဲ့ ဒီစနစ်ကိုနိုင်ငံတကာမှာတော့ တွင်တွင်ကျယ်ကျယ် သုံးနေတာကြာပါပြီ''ဟု အထူးယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။


အဆိုပါကြိုတင်ငွေ ထည့်ထားသည့် ယာဉ်စီးခကတ်အား လောလောဆယ်တွင် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ပါရမီနှင့် အဓိပတိ ယာဉ်လိုင်းများတွင် စတင်အသုံးပြုနိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မြို့တွင်းပြေးဆွဲလျက်ရှိသည့် အခြားယာဉ်လိုင်းများနှင့် အဝေးပြေးယာဉ်လိုင်းများတွင်ပါ ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆုန်သင်းပါရ် လက်ထပ်ပြီ

အဆိုတော် ဆုန်သင်းပါရ်နဲ့ ဆန်းဇလျန်တို့ရဲ့ စုံတွဲပုံလေးတွေပါ။ ဆုန်သင်းပါရ်နဲ့ ဆန်းဇလျန်တို့ဟာ ပြီးခဲ့တဲ့ မေလ (၅)ရက်၊၂၀၁၀ ကမှ ရန်ကုန်၊ Sedona Hotel မှာ လက်ထပ်ခဲ့ကြတာပါ။ သတို့သားရော၊ သတို့သမီးပါ ခရစ်ယာန် ဘာသာဝင်၊ ချင်းလူမျိုးတွေ ဖြစ်တာကြောင့် မင်္ဂလာပွဲကို ခရစ်ယာန် ထုံးစံအတိုင်း ကျင်းပခဲ့ကြတာပါ။ သူတို့ နှစ်ယောက်ဟာ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာကတည်းက ချစ်သူတွေ ဖြစ်ခဲ့ပြီး၊ ၂၀၀၉ မှာ စေ့စပ်ခဲ့ကြတာပါလို့ ဆုန်သင်းပါရ် ပြောပါတယ်။

05 June, 2010

ဟိုဘက် ဒီဘက်

အမှောင် နဲ့ အလင်း မကွဲ ပြားတာ
ငါတို့ အားလုံးက မီးမရှိတဲ့ ဘ၀မှာ ရောက်နေလို့ကွ။

သူငယ်ချင်း မင်းက အလင်းထဲမှာ လို့ထင်နေတာ၊
မင်းက မီးခလုတ်ကို ကိုင်ခွင့်ရတဲ့သူ မို့လို့ပါ၊

ဖွင့်တိုင်း မပွင့်တဲ့မီးရဲ့ ခလုတ်ကို ကိုင်ပြီး
ကျန်တဲ့လူတွေကို အမှောင်ထဲမှာလို့ မစွပ်စွဲပါနဲ့။

ခလုတ်ကိုင်ခွင့်မရှိတဲ့နေ့မှာ
မင်းလည်း အမှောင်ထဲကကောင်လို့ အပြောခံရပြီး
ကန်ချခံရမယ် ဆိုတာ နားလည်ထားပါ။

တကယ်တော့ မင်းလည်းပဲ အမှောင်ထဲမှာပါ၊
ပိုဆိုးတာက မင်းရဲ့အမှောင်က
အသိတရားမရှိတဲ့ အမှောင်ဖြစ်နေတာပဲ။

အထင်နဲ့ပြောတာ မဟုတ်ဘူး သူငယ်ချင်း၊
တရာမှာ ကိုးဆယ့်ကိုးယောက်က ငါ့ကို ထောက်ခံတယ်၊
မထောက်ခံတဲ့တယောက်က မင်းပဲ။

ဒါပေမယ့် ငါစိတ်မပျက်ဘူး၊ မင်းကို အလင်းထဲရောက်စေချင်တယ်၊
ငါတို့ တကယ်လိုအပ်တာ လင်းလင်းချင်းချင်း နေရခြင်းပဲ။

ကဗျာ ဟဲ့ ကဗျာ

ကဗျာဆိုလို့ ရေးလိုက်ပြီလေ။

စကားအေးအေးပဲ ပြောနေသလိုလို…
တရားလေးလေးပဲ ဟောနေသလိုလို…
… ဒီလို ကာရန်မမိ လျှာမထိတဲ့
ငါ၏ ကဗျာ ရောက်လို့လာပြီ။

ရင်ဘတ်ကြီးကိုဖွင့် ခံစားချက်တွေခူးစား၊
ပန်းသီးအင်္ကျီစွပ်၊ ဂေါ်ဖီဘောင်းဘီဝတ်၊
ဒုက္ခဖိနပ်ကိုစီးကာ လမ်းထွက်လျှောက်တော့
ရှုံ့ချခြင်းဆူးခလုတ်တွေကြောင့် ဘောင်းဘီပြဲလို့
အရှက်တွေ စိမ်းဖန့်ဖန့်ဖြစ်သွားခဲ့တယ်။

အချစ်နဲ့ ထိတွေ့လိုက်ချိန်မှာ
စိတ်ညစ်ခြင်း တိမ်တွေ
မီးပြောင်းနဲ့မှုတ်လိုက်သလို ကင်းစင်သွားပေမယ့်
မင်းရဲ့ခံစားချက်တွေ ခရမ်းရောင်ရင့်ရင့်ဖြစ်နေခဲ့တာ ငါမသိခဲ့မိဘူး…
အခုတော့ ငါ့ရဲ့ဂစ်တာလေး ငိုနေပြီလေ။

ဒီလိုဒီလို ခပ်မိုက်မိုက်တွေး
ခပ်မိုက်မိုက်လေး ရေးလိုက်တော့
ငါရေးတာ ငါဖတ်ပြီး
တော်တော်လေး ခိုက်သွားမိတယ်။

အမေကဖတ်တော့
မင်းတို့ ခေတ်ကဗျာတွေ ကာရံမမိတာထားဦး
နားတောင်မလည်ပါဘူးကွယ်တဲ့…
ဆရာတင်မိုးကိုများ ပြလို့ရသေးရင်
ဆေးလိပ်မတို နေမညိုခင် မင်းကိုအရင် ရိုက်မိလိမ့်မယ် တဲ့။

ဒီကဗျာမျိုးစပ်မိတဲ့ ငါ
ခေတ်သစ်ဆရာအပေါင်းမှ ခဲမိုးများလောင်းတာ ခံနိုင်ဖို့
(သူများတွေတူးထားတဲ့) လိုဏ်ခေါင်းထဲမှာပဲနေတော့မယ်။

နောက်ဆုံးတော့ ...

လောကကြီးမှာ လူတွေဟာ တော်တော်လေးလည်း ရယ်စရာကောင်းတယ်။
ကိုယ်ဟာ တစ်နေ့ဘယ်လိုလဲ ဆိုတာ ပြန်ဆန်းစစ်ဖို့  လောဘ ဒေါသ မောဟတွေကြားမှာ နစ်မွန်းရင်း မေ့လျော့နေကြတယ်။

ဒီပုံလေးတွေ ကြည့်ပါဦး ...





နောင်လာမယ့် နှစ်ပေါင်း နှစ်ဆယ်ဆိုရင် ...

မြိုင်ရာဇာတာတေ၏ သူငယ်ချင်းများ

တာတေ၏ သူငယ်ချင်း ဖြစ်လိုသူများ ဤနေရာတွင် ဖြည့်စွက်သွားကြပါ

သူငယ်ချင်းအားလုံးကိုဖိတ်ခေါ်ပါတယ်ဗျာ ... ... ...