ဒီမှာပြောခဲ့ပေးပါ

05 June, 2010

ကဗျာ ဟဲ့ ကဗျာ

ကဗျာဆိုလို့ ရေးလိုက်ပြီလေ။

စကားအေးအေးပဲ ပြောနေသလိုလို…
တရားလေးလေးပဲ ဟောနေသလိုလို…
… ဒီလို ကာရန်မမိ လျှာမထိတဲ့
ငါ၏ ကဗျာ ရောက်လို့လာပြီ။

ရင်ဘတ်ကြီးကိုဖွင့် ခံစားချက်တွေခူးစား၊
ပန်းသီးအင်္ကျီစွပ်၊ ဂေါ်ဖီဘောင်းဘီဝတ်၊
ဒုက္ခဖိနပ်ကိုစီးကာ လမ်းထွက်လျှောက်တော့
ရှုံ့ချခြင်းဆူးခလုတ်တွေကြောင့် ဘောင်းဘီပြဲလို့
အရှက်တွေ စိမ်းဖန့်ဖန့်ဖြစ်သွားခဲ့တယ်။

အချစ်နဲ့ ထိတွေ့လိုက်ချိန်မှာ
စိတ်ညစ်ခြင်း တိမ်တွေ
မီးပြောင်းနဲ့မှုတ်လိုက်သလို ကင်းစင်သွားပေမယ့်
မင်းရဲ့ခံစားချက်တွေ ခရမ်းရောင်ရင့်ရင့်ဖြစ်နေခဲ့တာ ငါမသိခဲ့မိဘူး…
အခုတော့ ငါ့ရဲ့ဂစ်တာလေး ငိုနေပြီလေ။

ဒီလိုဒီလို ခပ်မိုက်မိုက်တွေး
ခပ်မိုက်မိုက်လေး ရေးလိုက်တော့
ငါရေးတာ ငါဖတ်ပြီး
တော်တော်လေး ခိုက်သွားမိတယ်။

အမေကဖတ်တော့
မင်းတို့ ခေတ်ကဗျာတွေ ကာရံမမိတာထားဦး
နားတောင်မလည်ပါဘူးကွယ်တဲ့…
ဆရာတင်မိုးကိုများ ပြလို့ရသေးရင်
ဆေးလိပ်မတို နေမညိုခင် မင်းကိုအရင် ရိုက်မိလိမ့်မယ် တဲ့။

ဒီကဗျာမျိုးစပ်မိတဲ့ ငါ
ခေတ်သစ်ဆရာအပေါင်းမှ ခဲမိုးများလောင်းတာ ခံနိုင်ဖို့
(သူများတွေတူးထားတဲ့) လိုဏ်ခေါင်းထဲမှာပဲနေတော့မယ်။

No comments:

Post a Comment

မြိုင်ရာဇာတာတေ၏ သူငယ်ချင်းများ

တာတေ၏ သူငယ်ချင်း ဖြစ်လိုသူများ ဤနေရာတွင် ဖြည့်စွက်သွားကြပါ

သူငယ်ချင်းအားလုံးကိုဖိတ်ခေါ်ပါတယ်ဗျာ ... ... ...